အဓိကအကြောင်းအရာသို့ သွားမည်

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေးအမှတ်(၁/၂၀၂၀) ( ၂၈-၇-၂၀၂၀ )

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေးအမှတ်(၁/၂၀၂၀) ကျင်းပပြုလုပ်မှု
၁။    ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၀)ကို ပြည်ထဲရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃၈) အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊  ဇူလိုင်လ ၂၈ ရက် (အင်္ဂါနေ့)၊ ၁၄၀၀ အချိန်မှ ၁၆၀၀ အချိန်ထိ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်  ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ဗဟိုအဖွဲ့ အဖွဲ့ဝင် ၁၂ ဦး၊ ဗဟိုအဖွဲ့ အဖွဲ့ဝင် ကိုယ်စားတက်ရောက်သူ ၂ ဦး၊ အထူးဖိတ်ကြားထားသူများနှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ တက်ရောက်သူ ၁၂ ဦး၊ စုစုပေါင်း ၂၆ ဦး တက်ရောက်ခဲ့ပါသည်။ 
၂။    ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ၂၀၂၀ ပြည့်နှစ်အတွက် ပုံမှန် ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ ယခုအစည်းအဝေးအား ပြီးခဲ့သည့် ဧပြီလဆန်းတွင် ကျင်းပရန်စီစဉ်ခဲ့ သော်လည်း COVID-19 ကပ်ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း၊ ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အမျိုးသားအဆင့်မဟာဗျူဟာအရ ဗဟိုအဖွဲ့အစည်းအဝေးကို (၄)လ(၁)ကြိမ် ကျင်းပရမည်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအပေါ် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) က ချမှတ်ထား သည့် အကြံပြုတိုက်တွန်းချက်များကို လုပ်ငန်းစီမံချက် (Action Plan) ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သော ကာလဖြစ်ပြီး ဗဟိုအဖွဲ့နှင့် နိုင်ငံတော် ဒုတိယသမ္မတ(၁) ဦးဆောင်သည့် ဦးဆောင်ကော်မတီတို့ဟာ ယခုလို အစည်းအဝေးတွေ ကျင်းပပြီး တိုင်ပင်ညှိနှိုင်း ဆောင်ရွက် ရမည် ဖြစ်သောကြောင့် အစည်းအဝေး ကျင်းပရခြင်းဖြစ်ပါသည်။

Date