အဓိကအကြောင်းအရာသို့ သွားမည်

AML/CFT Sectors

 

နောက်ခံသမိုင်း

MM၁။ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ Financial Action Task Force - FATF သည် ၁၉၈၉ ခုနှစ် ဇူလိုင်လ ၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ ကျင်းပသည့် စက်မှုထိပ်သီး(၇)နိုင်ငံ၏ ထိပ်သီးစည်းအဝေးအပြီးတွင် အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေးစနစ်၏ ဂုဏ်သိက္ခာရှိမှုနှင့် ဆက်နွယ်သော ခြိမ်းခြောက်မှုများ၊ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများကို တိုက်ဖျက်ရေးအတွက် ဥပဒေပိုင်းဆိုင်ရာ ကြီးကြပ်ထိန်းသိမ်းမှုပိုင်းဆိုင်ရာ နှင့် အရေးယူဆောင်ရွက်မှုပိုင်းဆိုင်ရာကဏ္ဍများတွင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်များ ချမှတ်ပေးခြင်း၊ စောင့်ကြည့်အကဲဖြတ်ပေးခြင်း တို့ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ကာ ဖွဲ့စည်းခဲ့ပါသည်။

၂။ FATF သည် ၁၉၉၀ ခုနှစ် ဧပြီလတွင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ‌ ဆောင်ရွက်နိုင်ရန် နှင့် ငွေကြေးခဝါချမှု၏ ဦးတည်ရာလမ်းကြောင်းများ၊ နည်းလမ်းများအား သိရှိနိုင်စေရန် အကြံပြုချက်(၄၀)ကို လည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် အထူးအကြံပြုချက် (၈)ချက်ကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် အထူးအကြံပြုချက်(၁)ချက်ကိုလည်းကောင်း ထုတ်ပြန်ခဲ့ သဖြင့် ၂၀၀၄ ခုနှစ်တွင် အကြံပြုချက်စုစုပေါင်း ၄၀+၉ ဖြစ်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အကြံပြုချက် ၄၀+၉ အား ပြန်လည်ပြင်ဆင်ခဲ့ပြီး အကြံပြုချက်(၄၀)အဖြစ်သာ ပြန်လည်ပြင်ဆင်ထုတ်ပြန်ခဲ့ပါသည်။ FATF မှ ထုတ်ပြန်ထားသည့် အဆိုပါအကြံပြုချက်စံနှုန်းများကို ကမ္ဘာလုံးဆိုင်ရာမူဝါဒကဲ့သို့ ကမ္ဘာမှလက်ခံ၍ နိုင်ငံပေါင်း(၁၉၀)ကျော်မှ လိုက်နာ ကျင့်သုံး ဆောင်ရွက်လျက်ရှိပါသည်။

၃။ FATF သည် ၂၀၀၀ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှစ၍ ငွေကြေးခဝါချမှုကျုးလွန်ခြင်းအား နိုင်ငံတကာစံနှုန်းများနှင့်အညီ ကြိုတင်ကာကွယ်နိုင်ရန်၊ ဖော်ထုတ်အရေးယူနိုင်ရန်၊ ထိရောက်သောအကောင်အထည်ဖော်ဆောင်ရွက်မှုများပြုလုပ်နိုင်ရန် ရည်ရွယ်ပြီး စံနှုန်းသတ်မှတ်ချက်(၂၅)ချက်ဖြင့်တိုင်းတာကာ ပူးပေါင်းဆောင်ရွက်မှုမရှိသော နိုင်ငံနှင့်ဒေသများ(Non Cooperative Countries and Territories - NCCT) စာရင်းအားထုတ်ပြန်ခဲ့ပြီး ၂၀၀၁ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံအား NCCT စာရင်း၌ စတင်ထည့်သွင်းခံခဲ့ရပါသည်။

၄။ မြန်မာနိုင်ငံသည် NCCT စာရင်းတွင် ထည့်သွင်းခံရပြီး NCCT စာရင်းမှပယ်ဖျက်ခံရစေရန် ၂၀၀၂ ခုနှစ် ငွေကြေးနှင့်ပစ္စည်းများထိန်းချုပ်ရေးဥပဒေ ပြဌာန်းခြင်း၊ တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများဗဟိုထိန်းချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ ၂၀၀၃ ခုနှစ် နည်းဥပဒေ ပြဌာန်းခြင်း၊ ၂၀၀၄ ခုနှစ် ပြစ်မှုဆိုင်ရာကိစ္စများတွင် နိုင်ငံအချင်းချင်းအကူအညီပေးရေးဥပဒေပြဌာန်းခြင်း၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ ၂၀၀၅ ခုနှစ် နည်းဥပဒေပြဌာန်းခြင်း၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့်စီမံချက်(Implementation Plan) ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ ၂၀၀၆ ခုနှစ် မတ်လ ၉ ရက်နေ့တွင် FATF ကဲ့သို့ပုံစံတူဖွဲ့စည်းထားသော ဒေသတွင်းအဖွဲ့အစည်းဖြစ်သည့် Asia Pacific Group on Anti-Money Laundering - APG တွင် အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ခြင်း စသော ဆောင်ရွက်ချက်များကြောင့် FATF ကွင်းဆင်းလေ့လာရေးအဖွဲ့ On-Site Visit Mission သည် ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှ ၃၀ နေ့အထိ လာရောက်အကဲဖြတ်ခဲ့ပြီး ၂၀၀၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံအား NCCT စာရင်းမှ ပယ်ဖျက်ပေးခဲ့ပါသည်။

၅။ FATF သည် ၂၀၀၆ ခုနှစ် တွင် NCCT လုပ်ငန်းစဉ်များအား အဆုံးသတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှစ၍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလေ့လာသုံးသပ်ရေးအဖွဲ့ (International Coopertation Review Group - ICRG ) လုပ်ငန်းစဉ်အားစတင်ခဲ့ကာ ၂၀၁၀ ခုနှစ်မှစ၍ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနယ်ပယ်တွင် သိသာထင်ရှားသော ချို့ယွင်းချက်များ ရှိသည့်နိုင်ငံများအား အများပြည်သူသို့ထုတ်ပြန်ကြေညာချက် (Public Statement) အဖြစ်ထုတ်ပြန်ကြေညာခြင်းများဆောင်ရွက်ခဲ့ပါသည်။ Public Statement တွင် (၂)မျိုးခွဲခြားထားပါသည်။ (၁) အရေးကြီး မဟာဗျူဟာပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက်ရှိသော နိုင်ငံများ (အခြားနိုင်ငံများအနေဖြင့် နိုင်ငံတကာငွေရေးကြေးရေးစနစ်ကိုကာကွယ်ရန် အဆိုပါနိုင်ငံ အပေါ်တိုးမြှင့်အရေးယူဆောင်ရွက်ခြင်းများပြုလုပ်ရန် - Counter Measure) နှင့် (၂) အခြားနိုင်ငံများမှ အလေးထားဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်သည့်နိုင်ငံများ ဟူ၍ ဖြစ်ပါသည်။ NCCT စာရင်းမှ ပယ်ဖျက်ခံရပြီး နောက်ပိုင်း မြန်မာနိုင်ငံအနေဖြင့် သိသာထင်ရှားသော တိုးတက်မှုများ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံအား Public Statement အမျိုးအစား(၂) တွင် ၂၀၁၁ ခုနှစ် ဇွန်လ ၂၄ ရက်နေ့၌ ထပ်မံ ထည့်သွင်းခံခဲ့ရပြန်ပါသည်။

၆။ Public Statement တွင်ထည့်သွင်းခံရခြင်းမှ လွတ်မြောက်နိုင်ရန်အတွက် နိုင်ငံတကာနှင့်နားလည်မှုစာချွန်လွှာများရေးထိုးအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုအမျိုးသားအဆင့်အန္တရာယ်အကဲဖြတ်ရေးကော်မတီဖွဲ့စည်းခြင်း၊ ၂၀၁၄ ခုနှစ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပြဌာန်းခြင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအား ပြဌာန်းခြင်း၊ အဆိုပါဥပဒေများအတွက် နည်းဥပဒေအား ၂၀၁၅ ခုနှစ်တွင်ပြဌာန်းခြင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဖွဲ့စည်းခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း၊ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီဖွဲ့စည်းခြင်း၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့အား ဖွဲ့စည်း၍ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၏ လုပ်ငန်းတာဝန်များအား ဆောင်ရွက်ရန် ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းစသည့် သိသာထင်ရှားသော တိုးတက်ဆောင်ရွက်မှုများကြောင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၇ မှ ၁၉ ရက်နေ့ထိ ကျင်းပသည့် (၂၇)ကြိမ်မြောက် FATF မျက်နှာစုံညီအစည်းအဝေး၌ မြန်မာနိုင်ငံအား Public Statement စာရင်းမှ ပယ်ဖျက်ခဲ့ပြီး AML/CFT တစ်ကမ္ဘာလုံးဆိုင်ရာ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်မှုတိုးတက်စာရင်း (ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်) ထဲသို့ အဆင့်တိုးမြှင့် ထည့်သွင်းခြင်း ခံခဲ့ရပါသည်။

၇။ ထိုကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် Public Statement မှ လွတ်မြောက်ခဲ့၍ နိုင်ငံတကာအရေးယူဆောင်ရွက်မှုများမှ ပယ်ဖျက်ခံရပြီးနောက်တွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုဆိုင်ရာ အမျိုးသားအဆင့်ဆုံးရှုံးနိုင်ခြေ အန္တရာယ်အကဲဖြတ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ APG အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်လေ့လာအကဲဖြတ်ရေး (Mutual Evalution ) လုပ်ငန်းများဆောင်ရွက်ခြင်း၊ တရားခံလွှဲပြောင်းရေးဥပဒေအား ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အသစ်ရေးဆွဲပြဌာန်းနိုင်ခဲ့ခြင်း၊ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ ရေးဆွဲဆောင်ရွက်ခြင်း၊ Asia Pacific Group - APJG သို့ တိုးတက်မှုအစီရင်ခံစာ(Post Obervation Period Report - POPR) ပေးပို့ခြင်း၊ နည်းပညာပိုင်းဆိုင်ရာလိုက်နာအကောင်အထည်ဖော်ဆောင်ရွက်မှုအစီရင်ခံစာ ဆောင်ရွက်ခြင်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါသည်။

၈။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၆ ရက်မှ ၂၃ ရက်ထိ ကျင်းပခဲ့သည့် APJG အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များ၊ တင်သွင်းသည့် အစီရင်ခံစာများ၊ ဆွေးနွေးချက်များသည် ဆက်လက်ဆောင်ရွက်ရမည့်အစီအမံများစွာ လိုအပ်နေကြောင်း ဆုံးဖြတ်ခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ တွင် ကျင်းပပြုလုပ်သည့် FATF မျက်နှာစုံညီအစည်းအဝေးတွင် မြန်မာနိုင်ငံအား ဆုံးရှုံးနိုင်ခြေအန္တရာယ်မြင့်မားပြီး အခြားနိုင်ငံများက စောင့်ကြည့်သည့် နိုင်ငံများစာရင်း ( High-risk and other monitored jurisdictions) ၏ ပထမအဆင့်ဖြစ်သော ကမ္ဘာလုံးဆိုင်ရာ AML/CFT လိုက်နာဆောင်ရွက်မှုတိုးတက်စေခြင်း (Improving Global AML/CFT Compliance: Ongoing Process Statement) အဆင့် တစ်နည်းအားဖြင့် (Grey List ) စာရင်းတွင် ထည့်သွင်းခြင်းခံရပါသည်။ 

၉။ မြန်မာနိုင်ငံအား (Grey List) စာရင်းတွင် ထည့်သွင်းခံရမှုမှ လွတ်ကင်းစေရန် ကြိုးပမ်းဆောင်ရွက်နေစဉ် တိုးတက်ဆောင်ရွက်မှုများ ပြသနိုင်ခြင်း မရှိဟုဆိုကာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ FATF မျက်နှာစုံညီအစည်းအဝေးတွင် မြန်မာနိုင်ငံအား Public Statement တစ်နည်းအားဖြင့် (Black List) စာရင်းတွင် ထပ်မံထည့်သွင်းခဲ့ပြန်ပါသည်။ ထိုကဲ့သို့ ထည့်သွင်းခံရမှုမှ လွတ်မြောက်နိုင်ရေးအတွက် မြန်မာနိုင်ငံ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ဦးဆောင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။